Breaking News

အောင်မြင်ခြင်း သဘောတရားများ


career အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်ရယ်လို့ ထွေထွေထူးထူးတော့ မရှိလှပါဘူး။ ယေဘုယျအားဖြင့်တော့ ကိုယ်နဲ့ နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ မန်နေဂျာတွေ၊
လုပ်ဖော်ကိုင်ဖက်တွေနဲ့ပတ်သက်တဲ့ ဆက်ဆံရေးပိုင်းမှာ တိုးတက်ကောင်းမှု ရှိမရှိဆိုတဲ့ အရည်အချင်းတွေပေါ်မှာ အများကြီးမူတည်နေပါတယ်။
ကျွန်တော်တို့အားလုံးက လူသားတွေဖြစ်နေလေတော့ ဆက်ဆံရေးပိုင်းအတွက် သက်ရောက်မှုပေးနိုင်တဲ့ rule အချို့တော့ လူ့သဘာဝကြီးထဲမှာ ရှိကြပါတယ်။ လုပ်ငန်းခွင်ထဲကလူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ကြတဲ့ အခါမှာပဲဖြစ်ဖြစ်၊ ဦးဆောင် လွှမ်းမိုးနိုင်အောင် ကြိုးစားနေကြရတဲ့ အခါမှာပဲဖြစ်ဖြစ်ပေါ့ အဆင်ပြေပြေဖြစ်ဖို့ရာ အတွက် အခုဖော်ပြပေးလိုက်တဲ့ လူ့သဘာဝရဲ့ သဘောတရားလေးတွေကို ခေါင်းထဲမှာ ထည့်ထားဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့အားလုံးမှာ လောဘရှိတယ်
လူသားသဘာဝအရ ကျွန်တော်တို့အားလုံးဟာ “ရလေ လိုလေ အိုတစ္ဆေ” ဆိုသလို ဖြစ်တတ်တယ်။ လက်ရှိအနေအထားနဲ့ မရောင့်ရဲနိုင်ကြဘူး။ တချို့အရာတွေမှာဆိုရင် အောင်မြင်မှုကို ကြိုးပမ်းရယူပြီးတာနဲ့ နောက်ထပ် ကြီးမှားတဲ့အရာတွေဆီကို မကူးပြောင်းခင် celebrate လုပ်ဖို့အချိန်တောင် နည်းနည်းလေးပဲ ပေးတတ်ကြတယ်။
တန်ဖိုးရှိတယ်၊ အရေးပါတယ်လို့ လူတိုင်း ထင်ချင်ကြတယ်
ကျွန်တော်တို့တွေဟာ အဖွဲ့ကို ကိုယ်က ကူညီထောက်ပံ့ပေးနေတယ်လို့ ထင်ချင်ကြပါတယ်။ ကျွန်တော်တို့ အလုပ်တွေက ကမ္ဘာကြီးကိုတောင် ပိုကောင်းတဲ့နေရာတစ်ခုဖြစ်အောင် လုပ်ပေးနေတာလို့တောင် ထင်ချင်ကြတယ်။ ဆိုလိုတာက ကျွန်တော်တို့လူသားတွေရဲ့ ပင်ကိုယ်သဘာတွေကိုက ထင်ပေါ်ချင်တတ်ကြပြီး ကိုယ်ကလွဲရင် ခဲကိုတောင် မြူလိုမြင်တတ် ကြပါတယ်။
ကိုယ့်အကြောင်းကိုယ်ပဲ ပြောချင်ကြတယ်
လူသားသဘာဝကို နေ့စဉ်လောကသဘာဝတွေနဲ့ ကိုယ်တိုင်ပြန်တွေးကြည့်ပါ။ အနီးစပ်ဆုံး သင့်အနေနဲ့ ကျွန်တော်တို့ မိသားစုအကြောင်းတွေ၊ အလေ့အထတွေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းကိုင်ငန်းအကြောင်းတွေကို သင့်ကိုပြောပြဖို့ အားပေးလာမယ်ဆိုရင် ကျွန်တော်တို့ရင်ထဲမှာ သင်နဲ့ ပိုရင်းနှီးနေသလို ခံစားရမှာ သေချာတယ်။
ပြောရရင် ဆက်ဆံရေးကောင်းကောင်းတစ်ခုလောက် တည်ဆောက်ချင်တယ်ဆိုရင် သူ့အကြောင်းတွေနဲ့ ပတ်သက်တာလေးတွေကို မှတ်မိနိုင်အောင် ကြိုးစားရိမယ်။ မွေးနေ့လေးတွေ၊ နာမည်လေးတွေက အစပေါ့။
ကူညီမှုတိုင်းအတွက် တစ်ခုခုပြန်လိုချင်ကြတယ်
လူသားအများစုဟာ သူတစ်ပါးကို အမှန်တကယ်ပင် ကူည်ီချင်စိတ်ရှိကြပါတယ်။ ဒါပေမဲ့ တချို့ကတော့ ဘာတွေပြန်ရမလဲ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ကြည့်တတ်ကြတယ်။ ကျွန်တော်တို့အများစုလည်း လူတစ်ယောက်ကို ကူညီပြီဆိုရင် အနာဂတ်မှာ ဘာအကျိုးကျေးဇူး တွေ ပြန်လည်ခံစားရရှိနိုင်မလဲဆိုတာ မျှော်လင့်တတ်ကြတာပါပဲ။
ကျွန်တော်တို့တွေသာ ရိုးသားပွင့်လင်းမှု ရှိကြမယ်ဆိုရင် ဒါကို ဝန်ခံရပါလိမ့်မယ်။ ဒါကြောင့် သင့်ဆီမှာ ဘာမှတောင်းဆိုမှု မပြုဘူးဆိုရင်တောင် မျှဝေခံစားနိုင်အောင် ကြိုးစားပါ။ အကျိုးကို သိပ် မမျှော်ကိုးပါနဲ့။ ရိုးသားပါ။
အပြောင်းအလွဲကို လိုချင်ကြတယ်
လူသားသဘာဝအရ အရမ်းပြောင်းလွဲသွားတာမျိုးကို အားမပေးတတ်ကြပေမဲ့ အရမ်းငြိမ်းချမ်းလွန်းနေရင်လည်း ပျင်းလာတတ်ကြပြီး နည်းနည်းလောက်တော့ဖြစ်ဖြစ် လှုပ်ပေးလိုက်ချင်ကြတာချည်းပါပဲ။ အခြေမကောင်းတဲ့ အချိန်ကျမှ ပြန်ပြီးတော့ ဖြေရှင်းချင်ကြတယ်။
Reference: Lifehack
Credit sayar.com.mm

No comments