Breaking News

ခ (၃) လုံးကိုအမြဲကိုင်ဆောင်ထားပါ



ဒီ “ခ” (ခကွေး) သုံးလုံးကို မြဲမြဲမြံမြံဆောင်ထားပါ။ ဘဝမှာ ဘယ်လို လူတွေနဲ့တွေ့တွေ့၊ ဘယ်လို အခက်အခဲတွေနဲ့ တွေ့တွေ့ ရင်ဆိုင်ကျော်လွှား အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

ခ - ၁ ။ #ခံနိုင်ရည်ရှိပါ။

ပထမဆုံး ခကွေး နံပါတ် (၁) ကတော့ "ခံနိုင်ရည်ရှိဖို့" ပါပဲ။ ဘယ်လို ကောင်းဆိုး လောကဓံ ဖြစ်ပါစေ ကြံ့ကြံ့ခံနိုင်တဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို မွေးမြူထားနိုင်ရပါမယ်။ အလွယ်တကူ မလဲပြိုသွားပါစေနဲ့။ ကိုယ့်ကို လူတွေ ဘယ်လို တိုက်ခိုက် တိုက်ခိုက် .. ခံနိုင်ရည်ရှိပါစေ။ တစ်ခုခု အခက်အခဲကြုံလာရင် အမြဲကိုယ့်ကိုယ်ကို အားပေးပါ။

• ငါ ခံနိုင်ရည်ရှိရမယ်။
• ငါ့မှာ ခံနိုင်ရည်စွမ်းအားတွေရှိတယ်။
• ငါဘယ်တော့မှ လဲမကျဘူး။

အမြဲ အားတင်းပြီး ရည်မှန်းချက် ပန်းတိုင်ကိုပဲ အာရုံစိုက်လုပ်ဆောင်ပါ။

 ဘယ်သူဘာပြောပြော ကိုယ်လုပ်စရာရှိတဲ့ ကိစ္စကို မှန်ကန်စွာ လုပ်ဆောင်သွားလိုက်ပါ။ ခံနိုင်ရည်ရှိခြင်း ဆိုတဲ့ ပထမ ခကွေးကို ဆောင်ထားနိုင်သူဟာ ပတ်ဝန်းကျင်က လူတွေ .. ဘယ်လောက်ပဲ မဲ့ရွဲ့ပြီးပြောဆို ဆက်ဆံပါစေ … ကိုယ့်မျက်နှာမှာ အပြုံးမပျက်၊ ပြုံးထားနိုင်သူ တစ်ယောက်ဖြစ်ပါတယ်။

••••••••••

ခ -၂ ။ #ခံစားချက်နောက်မလိုက်ပါနဲ့။

 နံပါတ်(၂) ခကွေးကတော့ “ခံစားချက်တွေနောက် လိုက်မနေပါနဲ့” ။  ခံစားချက်နဲ့ မဆုံးဖြတ်ပါနဲ့။ အသိဉာဏ် ဦးနှောက်နဲ့သာ ဆုံးဖြတ်လုပ်ဆောင်ပါ။ ခံစားချက်ကို ရှေ့တန်းသိပ်မတင်ပါနဲ့။ အသိဉာဏ်ကိုသာလျှင် ဦးဆောင်စေပါ။ ဘယ်သူဘာဖြစ်ဖြစ် အလုပ်ကို အလုပ်နဲ့ပဲ သက်သေပြပါ။ ခံစားချက်တွေနဲ့ လုပ်မနေပါနဲ့။ ခံစားချက်တွေများနေရင် ခံစားသွားရလိမ့်မယ်။ အောင်မြင်မှုရဲ့ ရန်သူဆိုတာ အဲ့ဒီခံစားချက်တွေပါပဲ။ အလုပ်ခွင်ရဲ့ အဆိပ်ဆိုတာ အဲ့ဒီ ခံစားချက်တွေပါပဲ။

 ကောင်းတဲ့ ခံစားချက်တွေကို မဆိုလိုပါဘူး။ အလုပ်မှာ မကျေနပ်တာ၊ နားကျည်းတာ၊ ခံပြင်းတာ၊ ဒေါသဖြစ်တာ၊ ပေါက်ကွဲတာ၊ တင်းတာ စတာတွေအားလုံးဟာ ခံစားချက်တွေကြောင့်ဖြစ်လာတဲ့ ရန်သူတွေပါပဲ။ ဒါတွေ အလုပ်ခွင်ထဲမှာ ရှိနေသရွေ့ ပျော်ရွှင်စရာ ကောင်းတဲ့ အလုပ်ခွင်ဆိုတာ ဖြစ်လာမှ မဟုတ်ပါဘူး။ ဒါကြောင့် ဘာအကြောင်းကြောင့်နဲ့မှ ခံစားချက်နောက်လိုက်ပြီး မခံစားနေပါနဲ့။ စိတ်ခံစားချက်တွေကို မှန်ကန်တဲ့ အတွေး၊ အသိဉာဏ်လက်နက်နဲ့ ချေမှုန်းတိုက်ထုတ်တတ်ဖို့ ကြိုးစားလေ့ကျင့်ပါ။

••••••••••

ခ- ၃ ။ #ခွင့်​လွှတ်​တတ်​ပါ​စေ

 နောက်ဆုံး ခကွေး ကတော့ … ခွင့်လွှတ်ပေးလိုက်ပါ။ တကယ်တော့ ခွင့်လွှတ်ပေးနိုင်တယ်ဆိုတာ စိတ်သဘောထားကြီးမြတ်မှုရဲ့ လက္ခဏာတစ်ရပ်ပါပဲ။ စိတ်သဘောထား သေးသိမ်တဲ့ သူတွေဟာ မခွင့်လွှတ် တတ်ကြပါဘူး။ အမြဲ အငြိုးအတေးထားကြပါတယ်။
ကလဲ့စားချေချင်ကြပါတယ်။ ဒါဟာ မကောင်းတဲ့ အဆိပ်တစ်ခွက်ပါပဲ။ ဒီအဆိပ်ကို ရင်ထဲ ထည့်ထားသရွေ့ ပူလောင်နေရမှာ အမှန်ပါပဲ။ ဒီအပူကို ရင်ထဲမှာ မထားပါနဲ့။ ဆွဲထုတ်ပစ်လိုက်ပါ။

 ခွင့်မလွှတ်နိုင်သရွေ့ ရင်ထဲမှာ ပူနေတာကို သတိထားမိမှာပါ။ ခွင့်လွှတ်ပေးလိုက်တာနဲ့ တပြိုင်နက် ရင်ထဲက အပူကြီးကို ဆွဲထုတ်ပစ်လိုက်သလို ပေါ့ပါးသွားမှာကိုလည်း သတိထားမိမှာပါပဲ။ သဘောထားကြီးသူဟာ အရင်စတင်ခွင့်လွှတ်တတ်ပါတယ်။ သူတို့မကောင်းရင် မကောင်းတဲ့အတိုင်း သွားကြမှာပါပဲ။ သူပြုတဲ့ကံ ပဲ့တင်သံ သူ့ထံပြန်သွားမှာပါပဲ။ ဘာဖြစ်ဖြစ် ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။

 ကိုယ့်ကိုယ်ကိုယ်တောင် စိတ်တိုင်းမကျတဲ့ အခါတွေရှိတတ်သေးတာပဲ။ လူတကာတိုင်းကို လိုက်ပြီး စိတ်တိုင်းမကျဖြစ်နေရင် ကိုယ်ပဲ ပူလောင်ရတယ်။ ကိုယ့်စိတ်အစွမ်းသတ္တိတွေပဲ ကျသွားပြီး ကိုယ်ပဲ စိတ်ဆင်းရဲ ရတတ်တယ်။ တချို့ကလည်း ပြောပါတယ်။ ခွင့်လွှတ်ပေးမှုနဲ့ မတန်တဲ့ အရာတွေကိုရော ဘယ်လို လုပ်သင့်ပါသလဲ တဲ့။ ဒါနဲ့ပတ်သတ်ပြီး အင်တာနက်ပေါ်မှာ ဖတ်မိတဲ့ ဒဿန စာလေးတစ်ခုကို သတိရမိတယ်။

“ခွင့်လွှတ်မှုနဲ့  တန်တဲ့ အမှားဆိုရင် ခွင့်လွှတ်ပေးလိုက်ပါ။ ခွင့်လွှတ်မှုနဲ့ မတန်တဲ့ အမှားဆိုရင် စွန့်လွှတ်ပေးလိုက်ပါ” တဲ့။

အေးချမ်းမှုကို လိုလားသူတိုင်းက ဒီလို လက်ကိုင်ထားကြပါတယ်။ ခွင့်လွှတ်ပေးလိုက်တယ်ဆို မေတ္တာတရား ထားလိုက်တာပါ။ စွန့်လွှတ်ပေးလိုက်တယ်ဆိုတာကလည်း ဥပေက္ခာတရားနဲ့ နေထိုင်လိုက်တာပါပဲ။  ဒီလို နေနိုင်အောင် ကြိုးစားလေ့ကျင့်ကြရမှာပေါ့။

••••••••

 ဒီတော့ ဒီ ခကွေး သုံးလုံးကို လက်ကိုင်ထားမယ်ဆိုရင်ဖြင့် ဘဝမှာ အတော့်ကို အဆင်ပြေသွားမယ်လို့ ယူဆပါတယ်။ လူတိုင်းမှာ အဲ့ဒီ ခကွေး တွေ ပိုင်ဆိုင်ထားရင်တော့ သာယာတဲ့ အလုပ်ခွင်ကြီးတစ်ခုဖြစ်လာမှာပေါ့။ စိတ်ထဲမှာ အမြဲ သတိရပါ။ တစ်ခုခုဖြစ်လာပြီဆိုရင် အမြဲသတိပေးပါ။

 “ငါခံနိုင်ရည်ရှိရမယ်၊ ငါ ခံစားချက်နောက်မလိုက်ဘူး၊ ငါခွင့်လွှတ်ပေးမယ်” စသဖြင့် သတိထားနေရင် ပတ်​ဝန်းကျင်​က အဆိပ်တွေ ကိုယ့်ဆီ မဝင်လာနိုင်တော့ပါဘူး။ အစပိုင်းမှာတော့ ဒီလို စိတ်ထားတတ်ဖို့ ခက်ခဲပေမယ့် လိုက်နာ၊ လေ့ကျင့်မယ်ဆိုရင်တော့ တဖြေးဖြေးနဲ့ ရင့်ကျက်လာမယ်လို့ ယုံကြည်မိပါတယ်​။

ခ ၃ လုံး © ဖူးကျော်ဇင် (Future Wave)

Crd Phoo Kyaw Zin (Future Wave)
Author & Motivational Speaker
Founder of Future Wave ®

No comments