ကြောက်စရာကောင်း တဲ့ အမှားသုံးခု
ကြောက်စရာကောင်း တဲ့ အမှားသုံးခု
~~~~~~~~~~~~~~~~~~~~~~~~
၁။ စနောက် လှောင်ပြောင်ခြင်း
ဘယ်လောက်ချစ်ချစ် ဘယ်လောက်ခင်ခင်
စနောက် လှောင်ပြောင်တယ်ဆိုတာ အတိုင်း အတာ တစ်ခုရှိပါတယ် ။
စိတ်ကြည်သာနေချိန် ဘာမှမဖြစ်ပေမယ့် စိတ်အခံက ကြွပ်ဆတ် ပင်ပန်းနေချိန် အလိုက်မသိ စမိ နောက်မိတာဟာ သိပ်အန္တရာယ်များပါတယ်။
သစ်ရွက်လေးတစ်ရွက်လောက် ပြုတ်ကျရင် တောင် သည်းမခံနိုင်တဲ့ အချိန်မျိုးမှာ ထိစေ နာစေတဲ့ နောက်နောက် ပြောင်ပြောင် စကားတွေ တဟားဟား ရယ်သံတွေဟာ ဒေါသအိုးကို စနစ်တံတပ် မီးရှို့ပေးသလိုပါပဲ။
စချင် နောက်ချင် ရင် တစ်ဖက်သား အခြေအနေလေးတော့ သတိထားကြပါ။
၂။ နှိုင်းယှဉ်ခြင်း
လူတိုင်းမကြိုက်တဲ့ အပြုအမူပါ ။
မိဘက သားသမီးတွေကို အခြားတော်တဲ့ ကလေးတွေနဲ့ နှိုင်းတာ။
ချစ်သူကောင်မလေးက သူ့ချစ်သူကောင်လေး
ကို အခြား ထက်မြက်တယ်ဆိုတဲ့ ယောက်ျား တွေနဲ့ ယှဉ်တာ။
စီးပွားရေးအဆင်မပြေတဲ့ ယောက်ျားကို ငွေရှာတော်ပါတယ် ဆိုသူတွေနဲ့ တန်းညှိတာ။
ဒါတွေဟာ အများစုသောလူတွေ
အမှုမဲ့အမှတ်မဲ့ လုပ်ကြတဲ့အပြုအမူပါ။
လူဟာ သူ့အားနည်းချက်ကို သူ့အတိုင်း ထောက်ပြရင်တောင် လက်ခံကြပါတယ်။
အခြားတစ်ယောက်ရဲ့ စံနဲ့ သွားတိုင်းရင်တော့ မခံနိုင်တတ်ကြပါဘူး။
ကိုယ့်ပတ်ဝန်းကျင်က ကိုယ်ချစ်တဲ့သူတွေနဲ့ အမုန်းမဖက်ချင်ရင် တစ်ယောက်ယောက်နဲ့ နှိုင်းယှဉ်ခြင်းကို ရှောင်ပါ။
၃။ ရွဲ့ ခြင်း ခနဲ့ခြင်း
ရွဲ့တယ်ဆိုတာ သူတစ်ပါးစိတ်နဲ့
အသက်ရှင်ခြင်း တစ်မျိုးပဲ။
သူ့အပေါ်တုန့်ပြန်နေတယ် ထင်ပေမယ့်
တကယ်အရင် အထိနာတာ ကိုယ်ပါ။
ခနဲ့တာကျ ပုံစံအမျိုးစုံပေါ့။ စကားလုံးနဲ့ ကိုယ်လက်လှုပ်ရှားပုံနဲ့ မျက်နှာအမူအယာနဲ့။
လူတစ်ယောက်ကို မသိလိုက် မသိဘာသာ ခဏခဏ သွားခနဲ့မိနေတာဟာ လှိုင်းတွေပုတ် မိုးတွေ သွားရွာမိနေတာနဲ့ တူပါတယ်။
ခံနိုင်ရည်ကမ်းပါးဆိုတာက တဝုန်းဝုန်း လာရိုက်တာထက် တအိအိတိုက်စားမိရင် ပိုပြိုစမြဲပါ။
ဆက်ဆံရေး အဝတ်ပါး ဆိုတာကလည်း တသည်းသည်း သွန်းဖြိုးတာထက် တဖွဲဖွဲ စွေရွာမိရင် ပိုစိုတတ်စမြဲပါ။
အနှစ်ချုပ်လိုက်တော့ ရွဲ့ရင် ကိုယ်နာကျင်ရပြီး ခနဲ့ရင် သူနာကျင်ရတာပဲ အဖတ်တင်သလို
နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးမရှိ ရေရှည် ဆက်ဆံရေးမှာလည်း သွားထိခိုက်စေပါတယ်။
ဘာမှ ကောင်းကျိုးမပေးတဲ့ ဒီအပြုအမူ နှစ်ရပ်ကို ရှောင်ရှားပြီး လှပတဲ့ ဆက်ဆံရေးလေးကို တည်ဆောက်ပါ ။
မသိလိုက် မသိဘာသာ မှားနေတဲ့ မှားတတ်တဲ့ ပေါင်းသင်းဆက်ဆံရေး အပြုအမူလေးတွေကို သတိထား ပြင်ဆင်နိုင်ကြပါစေ။
အရှင်ဝိစိတ္တ
မေတ္တာများစွာဖြင့်

No comments