Breaking News

စိတ်ထားမြင့်တယ်ဆိုတာ ဘာလဲအဘိုး


''စိတ်ထားမြင့်တယ်ဆိုတာ ဘာလဲအဘိုး''
========================
''လိုရင်းတိုရှင်းပဲပြောမယ်
ဥာဏ်ပညာနောက်ကို ဆန္ဒပါအောင် ဆွဲခေါ်နိုင်ခြင်းကို
စိတ်ထားမြင့်တယ်လို့  ခေါ်တယ်''

''မရှင်းဘူးခင်ဗျ''

''မင်းဆေးလိပ်သောက်တတ်လား''

''ဟုတ် သောက်တတ်ပါတယ်''

''မကောင်းမှန်းသိတယ်မဟုတ်လား
ဖြတ်သင့်မှန်းသိတယ်မဟုတ်လား''

''ဟုတ် သိတယ် ဒါပေမယ့်''

''မဖြတ်နိုင်သေးဘူးမဟုတ်လား... မဖြေပါနဲ့  ငါလည်းသောက်နေတုန်းပဲ အဲ့ဒိမှာ မသောက်သင့်ဘူးဆိုတဲ့
ဥာဏ်ပညာနောက် မသောက်တော့ဘူးဆိုတဲ့ ဆန္ဒ သို့ မဟုတ် ဆုံးဖြတ်ချက်လေး လိုက်နိုင်ရင် ပြတ်တယ်
ဆေးလိပ်စွဲနေရဲ့သားနဲ့ ဖြတ်နိုင်သူ တွေရှိတယ်''

''စွဲတာရဲ့ definitionလေးဖွင့်ပြပေးပါလား''

''ဆင်ခြင်တုံတရားကို ရိုက်သတ်ပြီး ရမ္မက်သက်သက်နဲ့  ခရီးဆက်ခြင်းကို စွဲတယ်လို့ ခေါ်တယ်

မလုပ်သင့်တာကို မလုပ်ဖို့ 
လုပ်သင့်တာကိုလုပ်ဖို့ အတွက် ဥာဏ်ပညာနောက်ကို ပါအောင်လိုက်မယ့် စိတ်ဆန္ဒလိုတယ်

စွဲတာဟာ မလုပ်သင့်တာလည်း ဖြစ်နိုင်သလို လုပ်သင့်တာထက် ကျော်သွားတာမျိုးလည်းဖြစ်တတ်တယ်
အားဖြည့်အချိုရည် အလွန်အကျွံသောက်တာမျိုးပေါ့
မသောက်သင့်ဘူးတော့မဟုတ်ဘူး …
အလွန်အကျွံမသောက်သင့်ဘူး

လုပ်သင့်တာမျိုးကိုလည်း … လုပ်ချင်စိတ်ရှိဖို့ လိုပြန်ရော
စာဖတ်ပါတဲ့  ...
ဖတ်သင့်မှန်းသိရက်နဲ့  စာဖတ်ဖို့ ပျင်းနေသူတွေရှိတယ်
စာဆိုတာကဏ္ဍမျိုးစုံပဲ …

မင်းဝါသနာပါရာ ကဏ္ဍတိုင်းကို စာထဲမှာ ဖော်ပြထားတယ်
စာဖတ်ပျင်းတယ်ဆိုတဲ့ reasonကို လက်မခံချင်ဘူးကွ....
တချို့များကျတော့ စာဆိုရင်ကို ဖတ်ရမှာ ပျင်းသတဲ့ ဘာအကြောင်းပဲရေးထားရေးထား …
စာမို့ လို့ မဖတ်ချင်ဘူးဆိုသူတွေ ရှိတယ်....
စာဖတ်ဖို့ အတွက် အာရုံစူးစိုက်မှုလိုတယ်
အားစိုက်ရတဲ့သဘောပေါ့ကွာ...

အလေး မ နေကြမဟုတ်တဲ့သူ အလေး မ တော့ ပင်ပန်းတယ်
စာဖတ်နေကျမဟုတ်သူ စာဖတ်ရင်လည်း ပင်ပန်းပြန်ရော
ဒီတော့ ဇွတ်မှိတ် လေ့ကျင့်ရတယ်

ဒိုက်ထိုးသလိုပေါ့ကွာ
တစ်ခါရရ နှစ်ခါရရ ထိုး ...
အကြောတွေပိုသန်လာတယ် ကြွက်သားတွေပိုသန်လာတယ်
နောက်တော့ ၅ ခါ ၁၀ခါ တဖြေးဖြေး တတ်သွားမှာပေါ့...
မိမိကြွက်သားဖွံ့ ဖြိုးမှုကို ကြည့်ပြီး ပိုကြိုးစားချင်စိတ်ရှိလာကြတယ်
စာလည်းထို့ အတူပဲ

ဦးနှောက်တွေ သန်မာလာဖို့ ပေါ့ …
အမြင်ပိုကျယ်လာမယ် ၊ အတွေးပိုရှင်းလာမယ် …

ဒါပေမယ့် အလေ့အကျင့်ဖြစ်အောင် ဇွတ်မှိတ် လုပ်ရတယ်

- ဆင်းရဲတဲ့သူအများစုတွေဟာ ပြေလည်အောင်ကြံဆောင်ဖို့  ပျင်းနေကြတယ်
- လောဘကြီးသူတွေဟာ ရောင့်ရဲတတ်ဖို့ ပျက်ကွက်ကြတယ်

- လုပ်သင့်တာကို လုပ်ချင်စိတ်မရှိရင်တောင် ဇွတ်မှိတ်လုပ်ရတယ်
- မလုပ်သင့်တာကို လုပ်ချင်စိတ်ရှိနေသေးရင်တောင် ဇွတ်မှိတ်တားရတယ်

- ကောသလမင်းက အစားတော်တော်ကျူးတယ်
ဆန်သုံးပြည်ချက်စားတယ်လို့  စာမှာတော့ ဖော်ပြတယ်
အရည်အတွက်တော့ လွဲနိုင်သကွ ငါလည်းမေ့တေ့တေ့ရယ်
လူကလည်း ဝဖိုင့်ဖိုင့်ကြီးပေါ့ကွာ …

ဗုဒ္ဓက ဒီလိုအကြံပြုတယ် …
- စားချင်စိတ်ရှိနေသေးတဲ့ နောက်ဆုံး ထမင်းလုပ်ကို မစားပဲနေနိုင်အောင် လုပ်ပါတဲ့....
 " မျက်စိအကျင့် ဝမ်းအချင့်ဆိုတဲ့ " အတိုင်း
တစ်ပတ်လောက် တစ်လုပ် လျှော့စားတော့ စားချင်တဲ့စိတ်ဟာ တစ်လုပ်စာ ကျသွားတယ်
စားချင်တဲ့စိတ်ကနေ တစ်လုပ်စာ တစ်လုပ်စာ လျှော့ချရင်း တစ်ပြည်ခွဲလောက်ပဲစားတဲ့အထိ တစ်ဝက်လောက် လျှော့ချနိုင်တယ်
လို့  ကြားဖူးတယ်....

"လုပ်သင့်တာကို လုပ်နိုင်အောင် ကြိုးစားတဲ့စိတ်
မလုပ်သင့်တာကို မလုပ်ဖြစ်အောင် တားနိုင်တဲ့စိတ်ဟာ မြင့်တဲ့စိတ်ပေါ့"

" မြင့်တဲ့စိတ်ထက် ပိုခမ်းနားတာက မြတ်တဲ့စိတ် "

အဲ့ဒီစိတ်ဟာ စွန့် လွှတ်အနစ်နာခံတဲ့ စိတ်မျိုးပေါ့ …

အများအတွက်အသက်စွန့် သူတွေ
အများအတွက် ခြေလက်အင်္ဂါစွန့်  သူတွေ
အများအတွက် ပစ္စည်းဥစ္စာကို အံ့သြချီးကျူးစရာကောင်းလောက်အောင် စွန့်  နိုင်သူတွေ
အများအတွက် မိမိဘဝကို နှစ်ပြီး လုပ်ဆောင်နေသူတွေပေါ့

အတ္တရှုထောင့်ကနေ မလုပ်သင့်ဘူးလို့ အဖြေထွက်တာတောင် ပရရှုထောင့်ကနေ လုပ်သင့်တယ်လို့  ယူဆပြီး လုပ်ခဲ့ကျသူတွေ...
သူတို့ ရဲ့စိတ်ဟာ မြင့်တာထက်ပိုတဲ့ စိတ် မြင့်မြတ်တဲ့စိတ်ပေါ့''

***************************
ကျနော်ကိုယ်တိုင် ဆေးလိပ်သောက်ဆဲပါ …
အပျင်းဓါတ်ခံရှိဆဲပါ …
စာဖတ်လည်း ပျင်းနေဆဲပါ …

" သင်ဆရာ မြင်ဆရာ ကြားဆရာ များကြောင့်
လုပ်သင့်သည်ကို သိသော်လည်း ပျင်းရိနေဆဲ …

မလုပ်သင့်သည်များကို သိသော်လည်း ခေါင်းမာနေဆဲပါ..."

_ ဒီ postလေးက  တွေးမိတဲ့အတွေးတွေကို … တင်ပြတဲ့သဘောမျှသာ....

ဒါကြောင့်အရေးသားအားနည်းချက်ချို့ယွင်းချက်အများကြီးရှိနိုင်ပါတယ်
ဥာဏ်မှီသလောက် တွေးကြည့်ပြီး ရေးသားခြင်းဖြစ်သောကြောင့် …
အမှားယွင်းများ ရှိပါက ခွင့်လွှတ်ပေးပါရန်

Credit to #Error(Sithu)
# မေတ္တာဖြင့် Min Thakhin

No comments