Breaking News

သူ့ကိုကျိန်ဆဲ ကိုယ်ပဲခံရ


"သူ့ကိုကျိန်ဆဲ ကိုယ်ပဲခံရ"
•••••••••••••••••••••••

သားဖြစ်သူ ဥတ္တရကဒါနပြုသည်ကို အမိဖြစ်သူက
 မကျေမနပ် ကန့်ကွက် ဆဲရေးမိသောကြောင့်
ကွယ်လွန်သောအခါ ပြိတ္တာဘဝ၌ ငါးဆယ့်ငါးနှစ်ပတ်လုံး အစာနှင့်ရေကို မသုံးစားရပေ။

တစ်နေ့သောအခါ ထိုပြိတ္တာမသည် ဂင်္ဂါမြစ်အနီး၌ သီတင်းသုံးနေသော
“အရှင်ကင်္ခါရေဝတမထေရ်”ထံသို့ ရောက်လာပြီး-

“အရှင်ဘုရား...တပည့်တော်မသည်
နှစ်ပေါင်းငါးဆယ်ငါးနှစ်ပတ်လုံး ထမင်းမစားရပါ၊
ရေမသောက်ရပါ။ ရေငတ်လှပါသည်၊ ရေပေးပါ”
ဟု လျှောက်ထားပြီး ရေတောင်းလေသည်။

“ဒီဂင်္ဂါမြစ်ရေဟာ ဟိမဝန္တာမှ စီးဆင်းလာသောရေ
ဖြစ်၍ အလွန်အေးမြလှပါတယ်။ ဒီမြစ်ရေကို သောက်ပါလား။
ဘာဖြစ်လို့ ငါ့ထံလာရောက် တောင်းနေရပါသလဲ”
ဟု မထေရ်မြတ်ကဆိုလေ၏။

“အရှင်ဘုရား...
တပည့်တော် ရေသောက်မည်ဟု ကြံ၍
မြစ်ထဲသို့ဆင်းသောအခါ ရေအားလုံးသည် သွေးအဖြစ်သို့
ပြောင်းလဲသွားသည်ဖြစ်၍ ရေသောက်၍ မရပါ။
သို့အတွက် ရေတောင်းပါသည်” ဟု လျှောက်ထားလေသည်။

“သင်... အဘယ်သို့ မကောင်းမှုပြုခဲ့ပါသလဲ”
ဟု မေးသောအခါ ပြိတ္တာမသည် မိမိဘဝဖြစ်ပုံ၊
ဇာတ်လမ်းအစုံကို လျှောက်ထားပြသည်။

ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီးနောက်
ပထမသံဂါယနာ တင်ခါနီးကာလအချိန် ဖြစ်သည်။

ရှင်မဟာကစ္စည်းသည် ရဟန်းတစ်ကျိပ်နှစ်ပါးနှင့်အတူ
ကောသမ္ဘီပြည်အနီး တောအုပ်တစ်ခု၌ နေတော်မူသည်။

တစ်နေ့တွင် “ဥတေနမင်း” ၏ အမတ်ဖြစ်သော
“ဥတ္တရလုလင်” သည် အလုပ်သမားများကိုခေါ်၍ မြို့ပြင်ရန်
အတွက် သစ်များကိုခုတ်ယူရန် တောသို့လာခဲ့သည်။

တောထဲအရောက်တွင် ပံ့သကူးသင်္ကန်းကိုခြုံလျက်
တိတ်ဆိတ်စွာနေတော်မူသော ရှင်မဟာကစ္စည်းကို
ဖူးတွေ့ရသည်။

ဥတ္တရအမတ်သည် ရှင်မဟာကစ္စည်းကို ရှိခိုးသည်ရှိသော်
ရှင်မဟာကစ္စည်းက တရားဟောတော်မူသည်။

ဥတ္တရလုလင်သည် ရှင်မဟာကစ္စည်းတရားနာပြီးလျှင်
ရှင်မဟာကစ္စည်းကို အလွန်ကြည်ညိုလှသဖြင့်
သရဏဂုံဆောက်တည်ပြီး နောက်နေ့အတွက်
ဆွမ်းစား ပင့်ဖိတ်လေသည်။

ဥတ္တရအမတ်သည် သစ်ကိစ္စကို အလုပ်သမားများအား
အပ်နှံပြီး၊အိမ်သို့ပြန်ကာ နောက်နေ့အတွက် ဆွမ်းကို
စီစဉ်သည်။နောက်နေ့ရောက်သော် ရှင်မဟာကစ္စည်းသည်
နောက်ပါ ရဟန်းများနှင့် ဆွမ်းစားကြွလေသည်။
ဆွမ်းစားပြီး ဆွမ်းအနုမောဒနာ တရားဟောတော်မူသည်။

ရှင်မဟာကစ္စည်းသည် ဥတ္တရထံ မပြတ်ကြွလာ၍
တရားဟောသည်။ဥတ္တရသည် မထေရ်လမ်းညွှန်သည့်အတိုင်း
ကျင့်ကြံရာ မကြာခင် “သောတာပန်” ဖြစ်လေသည်။

နောင် ဥတ္တရလုလင်က ဆွေမျိုးများကိုလည်း
သာသနာတော်၌ ကြည်ညိုလာအောင်
စည်းရုံးသိမ်းသွင်း ဟောပြောရာ
ဆွေမျိုးများအားလုံးက လက်ခံယုံကြည်လာကြသည်။

သို့သော် ဥတ္တရအမတ်သည် မိခင်ကိုမူ သိမ်းသွင်း၍ မရပေ။
သိမ်းသွင်း၍မရသည့်အပြင် တစ်နေ့တွင် မိခင်က-

“မင်းဟာ ငါသဘောမတူတဲ့ ရဟန်းများအား ဆွမ်း
စသည်ကို ပေးကမ်းလှူဒါန်းလေ့ရှိသည်။ မင်းလှူဒါန်းသော
ဆွမ်းစသည် သည် တမလွန်ဘဝတွင် မင်းအတွက်
သွေးတွေဖြစ်ပါစေ” ဟု ကျိန်ဆဲလေသည်။

သို့သော် မိခင်သည် သားကို ငဲ့သောအားဖြင့်
ကျောင်းအလှူပွဲတွင် စုပေါင်းပြီး ဒေါင်းမြီးစည်းကို
ဝမ်းမြောက်ဝမ်းသာ ပေးလှူခဲ့ဖူးသည်။

ထိုမိခင်ကွယ်လွန်သောအခါ ပြိတ္တာမဖြစ်ပြီး
ဥဒေါင်းမြီး လှူခဲ့သောကုသိုလ်ကြောင့် ပြိတ္တာမ၏
ဆံပင်သည် ရှည်လျား မည်းနက်သိမ်မွေ့ပြေပြစ်လျက်
အဖျား ကော့တက်နေလေသည်။

ထိုပြိတ္တာမသည် ရေသောက်ရန် ဂင်္ဂါမြစ်သို့ ဆင်းသည့်
ကာလတွင် ဂင်္ဂါမြစ်ရေသည် “သွေး” အတိ ဖြစ်လျက်
သောက်မရ ဖြစ်နေတော့သည်။

လူ့ဘဝဖြစ်စဉ်က ကျိန်ဆဲခြင်း၏ အကျိုးပေးမှု့ကို ခံစားရခြင်းဖြစ်၏။

မထေရ်မြတ်နှင့်တွေ့ကာ သူ့ဘဝအကြောင်းစုံကို လျှောက်ထားရာ
မထေရ်မြတ်က ထိုပြိတ္တာမကြီးအား ရည်စူး၍ ကုသိုလ်ပြု
အမျှပေးဝေသောအခါမှ ပြိတ္တာမသည် ဒုက္ခဆိုးမှ ကင်းလွတ်ကာ
နတ်ပြည်သို့ ကူးပြောင်းသွားလေတော့သတည်း။

သင်ခန်းစာ-သူတစ်ပါးကုသိုလ်ပြုရာ၌ ဝန်တိုမှု့ကင်း၍ ဝမ်းမြောက်
                တတ်ရမည်။
               
                သူတစ်ပါးအား ဒေါသဖြင့် မကျိန်ဆဲရ။
               
                 သူတစ်ပါးအား ဒေါသဖြင့် ကျိန်ဆဲခြင်းသည်
                 ကျိန်ဆဲသည့်အတိုင်း ကိုယ့်မှာဖြစ်လာတတ်၏။

(ဥဗ္ဗရိဝဂ်။ဥတ္တရမာတုပေတိဝတ္ထု)

Credit မူရင်းရေးသားသူအားပေးပါသည်

No comments