Breaking News

ဗီဇဆိုတာ ဖျောက်ရခက်တယ်


ဗီဇဆိုတာ ဖျောက်ရခက်တယ်
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
ဖတ်ကြည့်နော်…

တစ်ခါတုန်းက…
ကင်းမြီးကောက်တစ်ကောင်ဟာ သူနေတဲ့
ကျွန်းကလေးတစ်ခုကနေ
မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ နောက်ကျွန်းတစ်ခုကို
သွားချင်နေပါတယ်။

ဒါပေမဲ့…
ကင်းမြီးကောက်ဟာ ရေမကူးတတ်လို့
မြစ်ကိုဖြတ်ဖို့ရာ အခက်အခဲ ဖြစ်နေတယ်တဲ့။

မြစ်ကမ်းဘေးမှာ လျှောက်သွားရင်း
ဒီမြစ်ကို ဘယ်လိုကူးရပါ့လို့ အကြံထုတ်နေတုန်း…

ရုတ်တရက် မြစ်ရေစပ်မှာ စိမ်နေတဲ့
ဖားတစ်ကောင်ကို တွေ့လိုက်ရလို့ သွားပြီးတော့
စကားပြောပါတယ်။

ကိုရွှေဖားရေ…
ကျွန်တော့်ကို ခင်ဗျားရဲ့ကျောပေါ်တင်ပြီး
ဟိုဖက်ကမ်းကို ပို့ပေးပါလား။
ကျေးဇူးမမေ့ပါဘူးဗျာ…

ဟာ…ဘယ်ဖြစ်မလဲ…
မင်းကို ကျောပိုးသွားရင်းနဲ့ ငါ့ကို မင်းရဲ့အဆိပ်ရှိတဲ့
အစွယ်နဲ့ ထိုးလိုက်ရင်
ငါ ရေနစ်သေသွားမှာပေါ့…

ကင်းမြီးကောက်က…
ကိုရွှေဖားရယ်…ခင်ဗျားကို ကျွန်တော့်အစွယ်နဲ့
ထိုးပါ့မလားဗျာ။
ကျွန်တော့်ကို ဟိုဖက်ကမ်းပို့ပေးတဲ့ ကျေးဇူးရှင်ကို
လုပ်ရက်ပါ့မလားဗျာ။
နောက်ပြီး ခင်ဗျားကို အစွယ်နဲ့ထိုးလိုက်လို့
ခင်ဗျားရေနစ်ရင်
ကျွန်တော်လည်း ရေနစ်သေမှာပဲလေ။

ကျွန်တော် ရေမကူးတတ်ဘူးဆိုတာ ခင်ဗျားသိပါတယ်
ဗျာ…

ဒါနဲ့ ဖားလည်း စဉ်းစားတာပေါ့…

အင်း…
ကင်းမြီးကောက်ပြောတာလဲ ဟုတ်သားပဲ။
သူ့ကိုယ်သူ ရေနစ်အသေခံပြီးတော့
ငါ့ကို အစွယ်နဲ့ ထိုးစရာ အကြောင်းမရှိပါဘူးလေ။

အဲဒီတော့ ဖားလည်း ဟိုဖက်ကမ်းကို ပို့ပေးမယ်လို့
သဘောတူလိုက်တယ်တဲ့။

ဒါနဲ့ ဖားဟာ ကင်းမြီးကောက်ကို ကျောပေါ်တင်လို့
ရေစီးသန်တဲ့မြစ်မှာ
သူ့ကိုယ်ကို ရေအပေါ် ပေါ်အောင် ကြိုးစားပြီး
မြစ်ကို ဖြတ်ကူးပါတော့တယ်။

မြစ်လယ်ရောက်တော့ ဖားဟာ သူ့ကျောမှာ စူးခနဲ
တစ်ချက် ခံစားလိုက်ရတယ်။

နောက်ကို အသာလှည့်ကြည့်လိုက်တော့…
ကင်းမြီးကောက်ဟာ အစွယ်ကို သူ့ရဲ့နောက်ကျော
ကနေ
ဆွဲနှုတ်လိုက်တာ တွေ့ရတယ်တဲ့။

ဖားလည်း နာကျင်တဲ့ ဝေဒနာကို ခံစားရင်းနဲ့
ပြောလိုက်ပါတယ်။

ဟာ…မင်း ဘယ်လို လုပ်လိုက်တာလဲ-?
မင်းပဲ စောစောက ပြောတယ်လေ။
ငါ့ကိုအစွယ်နဲ့ မထိုးဘူးလို့။
အခု ငါ့မှာ အဆိပ်တက်နေပြီ။
ငါရေနစ်ပြီး သေရင် မင်းလည်း ရေနစ်သေမှာ
မကြောက်ဘူးလား-?

ကင်းမြီးကောက်က ဘာပြန်ပြောလိုက်သလဲ
ဆိုတော့…

ခင်ဗျားသေရင် ကျွန်တော်လည်း ရေနစ်သေမှာ
သိပါတယ်။
ဒါပေမဲ့ တခြားသတ္တဝါတစ်ကောင်ကို တွေ့ရင်
အစွယ်နဲ့ထိုးတတ်တဲ့
ကျွန်တော့်ရဲ့ဗီဇကို ဖျောက်မရလို့ပါဗျာ။

နောက်ဆုံးတော့ ဖားရော ကင်းမြီးကောက်ရော
( ၂ )ကောင်စလုံးဟာ
မြစ်ရေထဲ နစ်မြုပ်ပြီး သေဆုံးသွားကြပါတော့တယ်။

ဒီပုံပြင်လေးဟာ…
နိုင်ငံခြားမှာ အလွန်နာမည်ကြီးတဲ့ ပုံပြင်လေးပါ။

ကလေးပုံပြင် မဟုတ်ပါဘူး။

လူတွေရဲ့အကျင့်စာရိတ္တနဲ့ ပတ်သက်တဲ့ လူကြီးတွေကို
အသိပညာပေးတဲ့ ပုံပြင်ပါ။

သနားလို့ ကူညီပေမဲ့လည်း အဲဒီလို ဗီဇမဖျောက်နိုင်တဲ့
လူနဲ့တွေ့ရင်
ကူညီသူပါ ဒုက္ခရောက်တတ်တယ်ဆိုတဲ့ သတိပေး
သင်ခန်းစာလေးပါ။

Credit-မူရင်း ဗန်းမော်သိန်းဖေ။
.
မေတ္တာဖြင့်…
ပြန်​လည်​မျှ​ဝေပါသည်​။

No comments